ဆရာဟိန်းတင့်ဇော်၏ ဘလော့မှ ဆရာ၏ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်
မှုရင်းဆိုက်
တစ်နေ့သ၌ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ ကျွန်ုပ်နှင့်
လွန်စွာရင်းနှီးသော သက်ထားဝေဟု အမည်ရသော အမျိုးသမီးတစ်ဦး ၀င်ရောက်လာလေ၏။
သူမ၏ အသက်သည် (၂၅)နှစ်ခန့် ရှိပြီဖြစ်၏။ သက်ထားဝေနှင့် ကျွန်ုပ်သည်
ထိုင်းနိုင်ငံသို့ ရောက်ရှိသည့်အချိန်မှ စ၍ စတင်ရင်းနှီးလာကာ အကြောင်းကိစ္စ
ကြီးငယ်ကြုံတိုင်း ကျွန်ုပ်နှင့် လာရောက်တိုင် ပင်လေ့ရှိသူ ဖြစ်လေ၏။
သူမနှင့် ကျွန်ုပ် လူချင်းမတွေ့ရသည်မှာ တစ်နှစ်ခန့်ပင် ရှိပြီ ဖြစ်လေ၏။
သက်ထားဝေသည် ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ ရောက်ရှိလာပြီးလျှင် သူမသည် ကျွန်ုပ်အား အောက်ပါအတိုင်း ဗေဒင်မေးလေတော့၏။
အရင်ဆုံး ကျွန်မ မေးချင်တာက ကျွန်မအမျိုးသား ကျွန်မဆီကို ပြန်လာဦးမလား ၊ လုံးဝ မလာတော့ဘူးလား ဟု မေးလေ၏။
ထိုအခါ
ကျွနိုပ်က... ဟင်... အိမ်ထောင် ကျသွားပြီလား... နင်အိမ်ထောင်ကျတာ ငါတောင်
မသိလိုက်ဘူးဟု ကျွန်ုပ်က ပြန်ပြောလိုက်လေလျှင် သက်ထားဝေက....
ဟင့်အင်း ကျွန်မ အိမ်ထောင် မကျသေးပါဘူးဟု ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်က...
ဘယ်လိုလဲ
သက်ထားဝေရယ်... နင်ပြောတာ ငါတောင် တော်တော် နားမလည်ဖြစ်သွားပြီ။ ကျွန်မ
ယောက်ျားလို့ လည်း ဆိုသေးတယ်။ အိမ်ထောင်မကျသေးဘူးလည်း ပြောတယ်။ ငါက ဘယ်လို
နားလည်ရမလဲ။ ငါ့ကို ရှင်းရှင်း လင်းလင်းပြောပြစမ်းပါဟု ပြောလိုက်လေ၏။
ထိုအခါ သက်ထားဝေက သူမ၏ ဘ၀အကြောင်းကို ကျွန်ုပ်အား အောက်ပါအတိုင်း
ပြောပြလေတော့၏။
ဒီလိုပါ ဆရာရယ်။ ကျွန်မနဲ့ ဆရာ မတွေ့ရတာ အခုဆိုရင်
တစ်နှစ်ကျော်ကျော်လောက် ရှိပြီနော်။ အဲဒီ မတွေ့ရတဲ့ တစ်နှစ်ကျော်
အချိန်ကာလအတွင်းမှာ ကျွန်မ ဘ၀ မထင်မှတ်လောက်အောင် ပြောင်းလဲသွားခဲ့ တယ်။
မြန်ဆန်တဲ့ အဖျက်အပျက်တွေက မျက်လှည့် ပြလိုက်သလို ကြုံတွေ့ခဲ့ရတယ်။
အဖြစ်အပျက်ရဲ့ အစက ဒီလို ဆရာရေ...။ ဆရာနဲ့ ကျွန်မနဲ့ စတွေ့တုန်းက ကျွန်မ
အိမ်ထောင် မကျသေးဘူး။ အမှန်အတိုင်း ဆရာ့ကို ၀န်ခံရရင် အခုလည်း အိမ်ထောင်
မကျသေးပါဘူး။ လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းက ကျွန်မတို့ အိမ်မှာ
ထမင်းလခပေးစားတဲ့ ကောင်လေးနဲ့ ကျွန်မ ချစ်သူ ဖြစ်ကြတယ်။ တစ်အိမ်တည်း
အတူနေတာဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် မရှောင်နိုင်ကြပါဘူးဆရာ။ အဲဒီလိုနဲ့
သူနဲ့ ကျွန်မ တစ်နှစ်လောက် အတူ နေခဲ့ကြတယ်။ တစ်နှစ်လောက် အဲဒီလို
နေလာခဲ့ရာက တစ်နေ့မှာ ပြဿနာ ဖြစ်ပါလေရော။
ပြဿနာအစက ကျွန်မကို
လက်ထပ်ဖို့ ပြောတဲ့ နေ့မှာပဲ စတာပါ။ ကျွန်မက သူ့ကို လက်ထပ်ကြဖို့
ပြောလိုက်တယ်ဆိုရင်ပဲ သူက ထုံးစံအတိုင်း နေ့ရွေ့ ညရွေ့ ရွေ့တော့တာပါပဲ။
ဒီအရင်တုန်းကလည်း နှစ်ခါ သုံးခါလောက် ပြောဖူးပါတယ်။ အဲဒိလို
ပြောလိုက်တိုင်းလည်း သူက အခုလိုပဲ နေ့ရွေ့ ညရွေ့ ရွေ့လာခဲ့တယ်။ အခု ဒီတစ်ခါ
ပြောလိုက်တော့လည်း အခါတိုင်းလိုပဲဆိုတော့ ကျွန်မလည်း သိမခံနိုင်တော့ဘူး။
ဒါကြောင့် ကျွန်မ ဆုံးဖြတ်ချက် တစ်ခုကို သူမသိအောင် ဆုံးဖြတ်လိုက်တယ်။
နောက်နေ့ကြတော့
ကျွန်မရဲ့ အကိုကြီးကို ဖွင့်ပြောလိုက်တယ်။ သူနဲ့ ကျွန်မနဲ့ အကြောင်းကို
အကုန်လုံး ဖွင့်ပြောလိုက်တယ်ဆိုရင်ပဲ အကိုတွေက ဒေါကန်တာပေါ့။ ကျွန်မကိုလည်း
နင်တော်တော် မိုက်တာပဲ ဆိုပြီး ရိုက်တယ်။ နောက် ဒီကောင် ညနေ ပြန်လာရင်လည်း
ငါတို့နဲ့ တွေ့မယ်ဆိုပြီး ကျိန်းတယ်။ ကျွန်မရဲ့ အကို အကြီးဆုံးကတော့
အားလုံးကို ဖျောင်းဖျတယ်။ ဖြစ်ပြီးတာတွေလည်း ဖြစ်ပြီးကုန်ပြီ။
ဘာတတ်နိုင်မလဲ။ ဒီကိစ္စက ပြန်ပြင်လို့ ၇တဲ့ အရာတွေမှ မဟုတ်တာ။ ဒါကြောင့်
ကောင်လေး အလုပ်က ပြန်လာရင် အေးအေးဆေးဆေး သူတို့နှစ်ယောက် မင်္ဂလာဆောင်ဖို့
လုပ်ပေးလိုက်ကြတာပေါ့လို့ အားလုံးကို ဖျောင်းဖျပါတယ်။ ကျွန်မ
လိုချင်တာကလည်း ဒါပဲလေ။ သူ ကျွန်မကိုယူဖို့ အတွက်တော့ နည်းနည်း
စွန့်စား၇တာပေါ့။
အဲဒီလိုနဲ့ ညနေ (၅)နာရီလောက်မှာ သူအလုပ်ကနေ
ပြန်လာတယ်။ အိမ်ထဲကို ၀င်လာပြီဆိုတာနဲ့ အကိုလတ်က ဘာမပြောညာမပြောနဲ့
သူ့မျက်နှာကို လက်သီးနဲ့ တစ်ချက်ထိုး ချပစ်လိုက်တယ်။ သူက ပိန်ပိန်သေးသေးလေး
ဆိုတော့ နောက်ကို ဖင်ထိုင် ပစ်ကျသွားတယ်။ အဲဒီမှာ အကိုကြီးက အကိုလတ်က
ဝင်ဆွဲတယ်။ ပြီးတော့ တော်တော့ တော်တော့လို့ ပြောပြီး သူနဲ့ ကျွန်မကို
ထိုင်ခိုင်းတယ်။ အဲဒိအချိန်ထိ သူလည်း အူကြောင်ကြောင်နဲ့ ဘာတွေ ဖြစ်နေမှန်
သိပ်မသိတဲ့ ပုံစံပဲ။
အကိုကြီးက သူနဲ့ ကျွန်မကို ထိုင်ခိုင်းပြီး
သူ့ကိုအရင် စ-မေးတယ်။ ဟေ့ကောင်တဲ့ ... မင်းနဲ့ ငါညီမနဲ့ ဖြစ်နေကြတယ်ဆိုလို့
မေးလိုက်တယ်ဆိုရင်ပဲ သူ့ရဲ့ မျက်နှာက အရမ်း အံ့သြသွားတဲ့မျက်နှာနဲ့
ကျွန်မကို လှမ်းပြီး ကြည့်လိုက်တယ်။ ကျွန်မကကလည်း ဟုတ်တယ်... ငါ
အကိုတို့ကို အားလုံး ဖွင့်ပြောလိုက်ပြီလို့ သူ့ကို လှမ်းပြောလိုက်တယ်။
သူလည်း လုံးဝ ငြင်းလို့မရတာကို သိသွားတာလား။ ဒါမှမဟုတ် အကိုတွေကို
ကြောက်လို့ပဲလား မသိပါဘူးဆရာရယ်။ ဟုတ်ပါတယ် အကိုလို့ ခပ်တိုးတိုးလေး
ပြန်ဖြေတယ်။
အဲဒီမှာ အကိုကြီးက မင်းက ငါ့နှမကို အပျော်တွဲတာလား၊
အတည် ယူမှာလားလို့ ထပ်မေးတယ်။ အဲဒီတော့ သူက အကိုရယ်တဲ့။ ကျွန်တော်
အတည်ယူမှာပါ။ အပျော် မတွဲရဲပါဘူးလို့ ပြန်ပြောတယ်။ ပြီးတော့ သူက
အကိုကြီးကို ကျွန်တော်တို့ နှစ်ယောက်ကို လက်ထပ်ခွင့်ပြုပါ အကိုလို့
ခွင့်တေင်းတယ်။ အကိုကြီးကလည်း အေး ဒီလို မင်းတို့နှစ်ယောက် တစ်အိမ်တည်းမှာ
ခိုးကြောင်ခိုးဝှက် ဖြစ်နေတာတော့ မကောင်းဘူးပေါ့။ ငါတို့ကလည်း မင်းကို
ကိုယ့်ညီတစ်ယောက်လို စောင့်ရှောက် ပေးထားတာ။ မိသားစုလို သဘောထားတာ။ မင်းက
ဒီလို လုပ်တာတော့ ဘယ်ကောင်းပါ့မလဲ။ ဒါပေမယ့်လည်း ဖြစ်ပြီးသွားပြီဆိုတော့
တစ်ယောက်ကို တစ်ယောက် အဖြစ်ပြောနေလို့လဲ ပြီးသွားမယ့် ကိစ္စမှ မဟုတ်တာ။
အဲဒိတော့ ဒီလာမယ့် တနင်္ဂနွေတစ်ပါတ်အတွင်း မင်းတို့နှစ်ယောက် လက်ထပ်ဖို့
စီစဉ်ပေတော့လို့ ပြောလိုက်တယ်။
ဘာပဲဖြစ်ဖြစ် ကျွန်မကတော့
အရမ်းပျော်ပါတယ်။ ပြဿနာနဲနဲလေး ဖြစ်ရုံကလွဲပြီး အားလုံးက ကျွန်မ
မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်လာတာကိုး။ အဲဒီလိုနဲ့ ကျွန်မတို့နှစ်ယောက်
မင်္ဂလာဆောင်ဖို့ အစီအစဉ်ကို တိုင်ပင်ကြတယ်။ မင်္ဂလာဆောင်ဖို့ ရက်ကလည်း
သိပ်ပြီး လိုတော့တာ မဟုတ်ဘူးလေ။ အားလုံးပေါင်းလိုက်ရင် နောက်(၅)ရက်ပဲ
လိုတော့တာ။ မင်္ဂလာဆောင်ကိုလည်း အကျယ် မချဲ့တော့ပါဘူး။ မင်္ဂလာဆောင်ဖိတ်စာလေး
၁၀၀လောက် ရိုက်မယ်။ နောက်ပြီး ကျွန်မ အမျိုးတွေရယ်- သူငယ်ချင်းတွေရယ်
ဖိတ်မယ်။ အော် ပြောရဦးမယ်။ သူက တစ်ကောင်ကြွက်လေ။ ဇာတိတောင် ဘယ်ကမှန်း
သိတာမဟုတ်ပါဘူး။ အရမ်း ဒုက္ခရောက်ပြီး စားစရာမရှိ နေစရာမရှိ သနားလို့ဆိုပြီး
အကိုကြီးက ကယ်ထားတာလေ။ ဒါကြောင့် သူ့မှာတော့ ဖိတ်စရာ ဆွေမျိုးလည်း
မရှိပါဘူး။
အဲဒီရက်တွေမှာတော့ ကျွန်မ တော်တော်လေး
ပျော်ရွှင်ခဲ့ရပါတယ်။ မင်္ဂလာဆောင်ဖို့ ဖိတ်စာကို အမြန်ရအောင်
ကွန်ပြူတာဆိုင်မှာ အမြန်အပ်တယ်။ နောက်ပြီး အလှပြင်ဖို့ ကိုဇော်ဆိုတဲ့
အချောက်ကို ပြောထားတယ်။ မင်္ဂလာဆောင်မှာ အခန်းအနားလည်း သူ့ကိုပဲ ပြောထားတယ်။
အကြွေးအမွေးကတော့ ဒန်ပေါက်ကျွေးမယ်။ေ၇ခဲမုန့် ကြွေးမယ်။ အဲဒိလို
အကျဉ်းချုံးပြီး စီစဉ်တာတောင် ထိုင်းဘတ်ငွေ လေးငါးသောင်းလောက် ကုန်တယ်ဆရာ။
ကုန်ရင်လည်း ကုန်ပါစေ ဆရာရယ်။ တစ်သက်မှာ တစ်ခါ မင်္ဂလာဆောင်ရတာ မဟုတ်လား။
ဘယ်လိုပဲ
သူများနိုင်ငံမှာ နေနေရပေမယ့် မင်္ဂလာဆောင်ကိုတော့ အဆင်ပြေအောင်
လုပ်ချင်သားလေ။ အဲဒီအချိန်ထိ ဘာမှ ပြောပလောက်အောင် အခက်အခဲ မရှိပါဘူး။
အားလုံးက ချောချောမောမောပါပဲ။ အဲဒီလိုနဲ့ မင်္ဂလာဆောင်ဖို့ နှစ်ရက်အလို
သောကြာနေ့ ညမှာ သူ အိမ်ကနေ ထွက်သွားလိုက်တာပါပဲ ဆရာ။ အဲဒီအိမ်က
ထွက်သွာားတဲ့ နေ့က စပြီး သတင်းမကြား ဘာမကြားနဲ့ ပျောက်သွားလိုက်တာ
ဒီနေ့အထိပါပဲ။ သူ ထွက်သွား တော့ ကျွန်မတို့ မင်္ဂလာပွဲလည်း ပျက်သွားတယ်။
ကျွန်မနဲ့ အကိုတွေနဲ့လည်း ပြဿနာ အကြီးအကျယ်တက်ပြီး ကျွန်မလည်း အိမ်ကနေ
ဆင်းလာခဲ့ပြီး သူငယ်ချင်းအခန်းမှာ သွားနေလိုက်တယ်။ အကိုတွေကလည်း ကျွန်မကို
စိတ်နာလို့ လုံးဝ ပြန်မခေါ်ကြတော့ဘူး။ ကျွန်မလည်း သူ့ကို ဘယ်လိုပဲ
စုံစမ်းစုံစမ်း ဘယ်လိုမှ စုံစမ်းလို့ မရတာ။ အခုဆိုရင် တစ်နှစ်ကျော်ပြီပေါ့
ဆ၇ာ။ ကျွန်မ ဘ၀ကတော့ အဲဒါပါပဲဟု ရှည်လျှားစွာ ပြောပြလေတော့၏။
အဲဒီတော့
အရင်ဆုံး ကျွန်မမေးချင်တာက ကျွန်မရဲ့ မင်္ဂလာ မဆောင်လိုက်ရတဲ့ အမျိုးသား
ကျွန်မဆီကို ပြန်လာမှာလား ပြန်မလာဘူးလား အတိအကျ သိချင်တယ်.. ဟု မေးလေ၏။
ထို့ကြောင့်
ကျွန်ုပ်လည်း သက်ထားဝေ၏ မေးခွန်းကို ဖြေဆိုပေးရန်အတွက် တားရော့ကဒ်များကို
ကုလားဖန် ထိုး၍ ကဲ.... နင့်ရဲ့ မင်္ဂလာမဆောင်လိုက်ရတဲ့ အမျိုးသား နင့်ဆီကို
သေချာပေါက် ပြန်လာမလား၊ ပြန်မလာဘူးလား ဆိုတာကို လေးလေးနက်နက် အာရုံပြုပြီး
ဒီတားရော့ကဒ်တွေကို တစ်ဝက်ချိုးလိုက်ဟု သူမအား ညွန်ပြလိုက်၏။ သက်ထားဝေလည်း
တားရော့ကိုချိုးမည့် သူမ၏ ဘယ်ဘက်လက်ကို သူမ၏ နှဖူးပေါ်တွင်
ကပ်ရင်းပါးစပ်မှလည်း တတွတ်တွတ် ရွတ်ဆို ဆုတောင်းလိုက်၏။ ထိုအခါ အောက်ပါ
တားရော့ကဒ်ကျလေ၏။
(နံပါတ်(၁၈) တားရောကဒ်အကြောင်း သိချင်ပါက ပုံပေါ်တွင် နှိပ်၍ ဆက်လက် လေ့လာ ဖတ်ရှုနိုင်ပါတယ်)
ထိုတားရော့ကဒ်မှာ
နံပါတ်(၁၈) တားရော့ကဒ်ဖြစ်၏။ လမင်းစန္ဒာဟု အမည်ပေးထား၏။ ထိုကဒ်သည်
အလွန်အင်မတန် ရန်များသော ပြဿနာဖြစ်စေသာ တားရော့ကဒ်ပင် ဖြစ်၏။ ထိုကဒ်၏
အဓိပ္ပါယ်များတွင် ရန်များခြင်း ပြဿနာများခြင်း သွေးထွက်သံယိုဖြစ်ခြင်
ရန်ငြိုးဖွဲ့ခြင်း စသည်တို့ ပါဝင်လေ၏။ လတ်တလောကိစ္စ မေးမြန်းပါမူ ထိုကိစ္စ
လုံးဝမအောင်မြင်နိုင်ပါဟု ပါလေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း သက်ထားဝေအား
နင့်ရဲ့ မင်္ဂလာ မဆောင်လိုက်၇တဲ့ အမျိုးသား နင့်ဆီကို လုံးဝ ပြန်လာဖို့
မမြင်ဘူးဟု ပြောလိုက်လေတော့၏။
ထိုအခါ သက်ထားဝေက လွန်စွာ
စိတ်မကောင်းဖြစ်သွားသော ပုံစံဖြင့် ဟုတ်ပါတယ်။ မေးမယ့်သာ မေးရတာ
ကျွန်မလည်းပြန်မလာတော့ဘူးလို့ ထင်ပါတယ်။ သူပြန်လာချင်ရင် အစောကြီးကတည်းက
ပြန်လာမှာပေါ့။ မဟုတ်ဘူးလား။ အခုတော့ ပြန်မလာချင်လို့ တစ်နှစ်လောက်တောင်
ကြာနေပြီပဲ။ သူပြန်မလာတာက ပြဿနာ မဟုတ်တော့ပါဘူးဆရာ။ အခုတော့လည်း အချိန်ကာလက
တစ်နှစ်တောင် ကျော်ပြီဆိုတော့ အားလုံးကလည်း နည်းနည်းတော့ နေသားတကျ
ဖြစ်သွားပါပြီ။ နေသားမကျတာက ကျွန်မရဲ့ စိတ်ပဲ။ ကျွန်မရဲ့ စိတ်က အချိန်
တစ်နှစ်ကျော်သာ ကြာသွားတာ သူ့ကို ပြန်လာမလားဆိုတဲ့ မသေချာ မရေရာတဲ့
မျှော်လင့်ချက်တွေ နောက်ပြီး လုပ်ရက်လေခြင်းဆိုတဲ့ နာကျဉ်းတဲ့ စိတ်တွေ၊ ငါ
အလိမ်ခံလိုက်ရတယ်ဆိုတဲ့ စိတ်မကောင်းတဲ့ အတွေးတွေက ကျွန်မကို နေ့ရှိသရွေ့
အချိန်ရှိသရွေ့ နှိပ်စက်နေတယ်။
အိပ်ချိန်မှာလည်း ကောင်းကောင်း
အိပ်မပျော်ဘူး။ စားချင်စိတ်လည်း မရှိဘူး။ အလုပ်လုပ်ရတာလည်း စိတ်မပါဘူး။
အချိန်တွေကိုလည်း ကုန်အောင် ဖြတ်သန်းဖို့ အရမ်း ငြီးငွေ့နေပြီ။
အဲဒီနေ့ကစပြီး ကျွန်မမှာ ပျော်ရွှင်မှု့ဆိုတာလည်း လုံးဝကို မရှိတော့ဘူး။
ပျော်တယ်ဆိုတာကိုလည်း ဘာမှန်း မသိတော့ဘူးဆရာ။ သူငယ်ချင်းတွေက
အလည်သွားမယ်လို့ ခေါ်တာတောင် ကျွန်မ လိုက်ချင်စိတ် မရှိတော့ဘူး။
ဘ၀ဆိုတာကြီးက အရမ်းကို အထီးကျန်ဆန် သွေ့ချောက်လွမ်းတယ်။ ဒါကြောင့် ကျွန်မ
အဲဒီလို ဖြစ်နေတာကြီးကို မုန်းတယ်။ အဲဒီစိတ်ကို မလိုချင်ဘူး။ အဲဒီ
လွှမ်းမိုးထားတဲ့ စိတ်ကနေ လွတ်အောင် ရုန်းထွက်ချင်တယ်ဆရာ။ အဲဒါ ဆရာက
ကျွန်မကို ယတြာချေပေးပါဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က
ဒီမှာ
သက်ထားဝေရဲ့။ နင်ဖြစ်နေတာတွေက ယတြာချေလို့ ပြေပျောက်သွားမယ့် ကိစ္စ
မဟုတ်ဘူး။ ဒါက စိတ်နဲ့ ပါတ်သက်တဲ့ ကိစ္စ။ စိတ်ဆိုတာကလည်း ထူးဆန်းတယ်။
မတွေးပါဘူး ဆိုမှ အတွေးထဲကို ရောက်ရောက်လာတယ်။ သတိမရတော့ပါဘူးလေလို့
တွေးပါမှ ပိုပိုပြီး သတိယလာလေလေပဲ။ နောက်ပြီး အတွေးဆိုတာကလည်း
သံကြိုးလိုပဲ။ ဂွင်းဆက်တွေနဲ့ လာတာဟ။ တစ်ဂွင်းပြီး တစ်ဂွင်း ဆက်ဆက်လာသလို
အတွေးတွေဟာလည်း စလိုက်မိရင် အဆုံးသတ်လို့ကို မရတော့ဘူး။ အတွေးရေယဉ်ကြောမှာ
မျှောတယ်ဆို သလို မျောနေရောပဲ။ ရပ်တန့်သွားတယ်ဆိုတာကို မရှိတော့ဘူး။
ဒါကြောင့် စိတ်နဲ့ ပါတ်သက်တဲ့ ကိစ္စကို ယတြာချေယုံနဲ့တော့ ပြေပျောက်သွားမှာ
မဟုတ်ဘူး။ ဒါက ကိုယ်ကိုယ်တိုင် လွတ်မြောက်ချင်တဲ့ စိတ်နဲ့
ရုန်းထွက်နိုင်ရင်တော့ သေချာပေါက် လွတ်မြောက်သွားလိမ့်မယ်ဟု ကျွန်ုပ်က
ပြောလိုက်လေလျှင် သက်ထားဝေ က..
ဘယ်လိုလုပ်ရမလဲ။ ကျွန်မလည်း
ကြိုးစားတာပဲ။ လုပ်လိုကို မရဘူး။ ဒါကြောင့် လုပ်လို့ရမယ့် နည်းလမ်းလေး
ရှိရင် ကျွန်မကို ပေးပါလား။ ကျွန်မ လိုက်လုပ်မယ်ဟု ပြန်ပြောလေ၏။ ထိုအခါ
ကျွန်ုပ်က စိတ်အေးချမ်းသာစွာ နေထိုင်လို့ ရမယ့် ကျင့်စဉ်တော့ရှိတယ်။
နေ့တိုင်း လေ့ကျင့်သွားရမယ်။ တစ်ခါလုပ်ရင် (၁၅) မိနစ်ပဲ လုပ်ရမယ်။ ပိုလည်း
မလုပ်နဲ့။ လိုလည်း မလုပ်နဲ့။ အဲဒိအတိုင်း ကျင့်ရင်တော့ နင်သေချာပေါက်
စိတ်အေးချမ်းသာစွာ နေထိုင်နိုင်မယ်ဟု ကျွန်ုပ်က ပြန်ပြောလိုက်လေ၏။
အမလေးဆရာရယ်။
ဆရာ့ကျင့်စဉ်က (၁၅) မိနစ်ပဲ လုပ်ရမှာလား။ နည်းလိုက်တာ။ တစ်နေ့ကုန်တောင်
အလုပ်ရုံမှာ အလုပ်လုပ်နိုင်သေးတာပဲ။ တစ်နေ့ကို (၁၅) မိနစ်လောက်ကလေးကတော့
ဘာလို့ မလုပ်နိုင်ရမှာလဲ။ ဒီကျင့်စဉ်ကို လေ့ကျင့်လို့မှ စိတ်အေးချမ်းသာစွာ
နေထိုင်နိုင်တယ်ဆိုရင် ဘာလို့ မလုပ်နိုင်ရမှာ လဲ။ (၁၅) မိနစ်မပြောနဲ့။
(၁၅)နာရီ လုပ်ရမယ်ဆိုရင်တောင် ကျွန်မကတော့ လုပ်မှာပဲဟု သက်ထားဝေက ပြော လေ၏။
ထို့ကြောင့် ကျွန်ုပ်လည်း သက်ထားဝေအား အောက်ပါ အိပ်ယာဝင် (၁၅) မိနစ်
ကျင့်စဉ်ကို သေသေချာချာ သင်ပြပေးလိုက်လေတော့၏။
အိုကေ.... စမယ်။
အိပ်ခါနီးလေးမှာ လုပ်၇မှာနော်။ ဒါလုပ်ပြီးရင် အိပ်ဖို့ပဲ လုပ်ရတော့မယ် ။
ကျန်တာ ဘာမှ လုပ်စရာမလိုတော့ဘူး။ ကိုယ်အိပ်တဲ့ အိပ်ယာလေးမှာပဲ လုပ်ရမယ်။
အာလုံးတိတ်ဆိပ် ငြိမ်သက်နေပြီး အနှောက်အယှက် ကင်းကင်းလေးမှ ဖြစ်မယ်။
အရင်ဆုံး ကိုယ့်အိပ်ယာလေးကို သန့်၇ှင်းမွှေးကြိုင် သပ်ယပ်နေ အောင် အရင်
ပြင်ဆင်လိုက်ပေါ့။ အိပ်ယာလေးကို သန့်သန့်ရှင်းရှင်းလေး
ပြင်ဆင်ပြီးသွားပြီဆိုရင် ကိုယ့်ကိုကို လည်းအ၀တ်အစား
ချောင်ချောင်ချိချိလေး ၀တ်ဆင်ထားရမယ်။ အ၀တ်အစားက တင်းတင်းကြပ်ကြပ်ကြီး
ဆိုရင် မကောင်းဘူး။ အသက်ရှုရတာ မွန်းကြပ်တယ်။ ကိုယ့်ရဲ့ တစ်ကိုယ်လုံးကို
ကြိုးတွေနဲ့ တင်းကြပ်နေအောင် တုတ်နှောင်ထားသလို ခံစားရတယ်။ ဒါကြောင့် 
အ၀တ်အစားကို ချောင်ချောင်ချိချိ ၀တ်တာ အကောင်းဆုံးပဲ။ နောက်ပြီး
လူတစ်ကိုယ်လုံးကိုလည်း မွှေးကြိုင်နေအောင် အမွှေးနံ့သာတွေ
လိမ်ကြံထားရမယ်ပေါ့။
အစပထမ(၅)မိနစ်
အရင်ဆုံး
ပထမ ငါးမိနစ်မှာ ထိုင်ရမယ်။ ဘာလုပ်မှာလဲ။ ထိုင်မှာနော်။ ထိုင်ရုံပဲ
ထိုင်၇မယ်။ ကျန်တာ ဘာမှ မလုပ်ရဘူး။ ထိုင်နေရုံလေးပဲ။ ၀င်လေထွက်လေလည်း
မှတ်စရာမလိုဘူး။ ပုတီးစိတ်နေစရာလည်း မလိုဘူး။ ထိုင်ပဲ ထိုင်နေရမှာ။
လိုက်ပြီး တွေးနေဖို့လည်း မလိုဘူး။ ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးတွေကိုလည်း
မတွေးနဲ့ မတွေးနဲ့ ဆိုပြိး အတင်းမောင်းထုပ်နေစရာ မလိုဘူး။ ငြိမ်ငြိမ်းလေး
အေးအေးချမ်းချမ်းလေး ထိုင်နေရမယ်။ ဒါလေးက ပြောရင်တော့ လွယ်တယ်။
တကယ်လုပ်ကြည့်ရင် အစပထမတော့ နည်းနည်း ကသိကအောက် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ။
နည်းနည်းလောက် လုပ်ကြည့်လိုက်ရင် ကိုယ့်စိတ်ကို ကိုယ် သဘောပေါက်သွားလို့
အဆင်ပြေပါတယ်။ လုပ်ကြည့်ပါ။ ဒါကြောင့် ပထမဦးဆုံး (၅) မိနစ်မှာ ကိုယ့်ရဲ့
စိတ်ကော ရုပ်ကော ဖြေလျှောပြီး ငြိမ်ငြိမ်လေး ထိုင်နေလိုက်ပါ။ (၅)
မိစ်ပဲနော်။
ဒုတိယ(၅)မိနစ်
ပထမငါးမိနစ်ကို
ငြိမ်ငြိမ်လေး ထိုင်လိုက်ပြီဆိုရင် ကိုယ့်ရဲ့ ယောက်ယက်ခတ်တဲ့ စိတ်လေးဟာ
အတော်အသင့် ငြိမ်သက်စပြုလာပါပြီ။ ဒုတိယ ငါးမိနစ်မှာ အသက်ရှုလေ့ကျင့်ခန်း
လုပ်မယ်။ ဘယ်လို လုပ်ရမလဲ။ အသက်ကို ပထမဦးဆုံး တ၀ကြီး ရှုသွင်းမယ်။
အဆုံးထိကို ရူသွင်းရမှာနော်။ နည်းနည်းလေး ရူလို့ မရဘူး။ ကိုယ့်အသက်ကို
ဆက်ပြီး ရူသွင်းလို့ မရတဲ့အခြေအနေအထိ၊ ကိုယ့် ၀မ်းဗိုက်ကြီး
ဖောင်းကားသွားတဲ့အထိ ရူသွင်းရမှာ။ ရင်ဘတ်ကြီး မို့မောက် သွားတဲ့အထိ
ရူသွင်းရမှာ။ ဟုတ်ပြီ။ ရူသွင်းပြီးသွားရင် လေတွေကို ချက်ချင်း ပြန်မထုပ်ရ
ဘူးနော်။ ခန အောင်ထားရမယ်။ ဘယ်လောက်ကြာအောင် အောင့်ထားရမလဲဆိုတော့ အဲဒီလို
အောင့်နေတဲ့ အချိန်မှာ ကိုယ့်စိတ်ထဲကနေ တစ်ကနေ တစ်ဆယ်အထိ ဖြေးဖြေးမှန်မှန်
ရီနေရမယ်။ တစ်ဆယ်ကို ရောက်ပြီ ဆိုတာနဲ့ ခုနက အောင်ထားတဲ့ လေတွေကို
ဖြေးဖြေးမှန်မှန် ပြန်ထုပ်ပစ်လိုက်ရမယ်။ ထုပ်တဲ့အခါမှာလည်း ရူသွင်းထားတဲ့
လေတွေကို ကုန်အောင် ပြန်ထုပ်ပစ်ရမယ်။ ကိုယ့်ရဲ့ ၀မ်းဗိုက်ကြီး
ပျားချပ်သွားတဲ့အထိကို ရူ ထုပ်ပစ်ရမှာနော်။ ထုပ်စရာ လုံးဝ
မရှိတော့လောက်အောင်ကို လေတွေကို ထုပ်ပစ်လိုက်ရမှာ။ အနည်းဆုံး
ဆယ်ကြိမ်လုပ်ရမယ်။
အဲဒီအချိန်မှာ ကိုယ့်စိတ်က ဘယ်လို
လုပ်ရမလဲဆိုတော့ အစပထမ လေကို ရူသွင်းနေတဲ့ မိမိစိတ်က ဘယ်လိုတွေးရမလဲဆိုတော့
ဒီစကြာဝဠာကြီးထဲက အေးချမ်းတဲ့ ဓာတ်တွေဟာ ငါရူသွင်းလိုက်တဲ့ လေတွေနဲ့အတူ
ငါရဲ့ ခန္ဓာကိုယ်ထဲကို စီးဝင်သွားပြီ။ ပြိးတော့ ငါ့ရဲ့ ခန္ဓာကိုယ်
တစ်ခုလုံးကို စိမ့်ဝင်ပြန့်နှံ့သွားပြီ လို့ အာရုံပြုရမယ်။ နောက်ပြီး
လေတွေကို ပြန်ထုပ်တဲ့ အချိန်မှာကြတော့ ဘယ်လိုအာရုံပြုရမလဲဆိုတော့ ငါ့ရဲ့
ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ မကောင်းတဲ့... ငါမလိုချင်တဲ့ စိတ်ညစ်စ၇ာတွေ
စိတ်သောကတွေ အားလုံး ဒီလေနဲ့ အတူ ပြန်ထွက်သွားပြီ။ ငါ့ခန္ဓာကိုယ်ထဲမှာ
မရှိတော့ဘူး။ မကျန်တော့ဘူး။ အားလုံး ထွက်သွားပြီလို့ အာရုံပြုရမယ်။ အဲဒိလို
ဝင်လေ ထွက်လေကို အနည်းဆုံး ဆယ်ကြိမ် လုပ်ရမယ်။
တတိယ(၅)မိနစ်
ဟုတ်ပြီနော်။
အခုအချိန်အထိ ခက်တာ တစ်ခုမှ မပါသေးဘူးနော်။ အစပထမငါးမိနစ်မှာ
ငြိမ်ငြိမ်လေး ထိုင်မယ်။ နောက်ငါးမိနစ်မှာ အသက်ရူလေ့ကျင့်ခန်း အနည်းဆုံး
ဆယ်ကြိမ်လုပ်မယ်။ အခု နောက်ဆုံးငါးမိနစ်မှာ ဘာလုပ်ရမလဲဆိုတော့ ပထမဆုံး
ကောင်းကင်ကြီးကို အာရုံပြုလိုက်ရမယ်။ အဲဒီ အဆုံးအစမရှိတဲ့ ကောင်းကင်ကြီးမှာ
ရေကန်ကြီး တစ်ကန်ရှိတယ်လို့ အာရုံပြုရမယ်။ ရေကန်ကြီးထဲမှာ အပြာရောင်
ပြာလဲ့လဲ့ ရေတွေ ရှိနေတယ်နော်။ အဲဒီကောင်းကင်က ရေကန်ကြီးထဲမှာရှိတဲ့
အပြာရောင် ရေတွေဟာ ကောင်းကင် ရေကန်ကြီးကတစ်ဆင့် စီးကျလာပြီးတော့ မိမိရဲ့
ဦးခေါင်းပေါ်ကို ကျလာပြီ။ ဦးခေါင်းထဲကို ၀င်သွားတယ်။ ပြီးရင် ခန္ဓာကိုယ်
ကလပ်စီးတိုင်းအထိ စိမ့်ဝင် ပျံ့နှံ့သွားတယ်လို့ အာရုံပြုရမယ်။ ဒါကြောင့်
ကိုယ့်ရဲ့ စိတ်ရော ရုပ်ပါ အေးချမ်းသွားပြီ။ ဘာပူပင်သောကမှ မခံစားရတော့ဘူး။
မရှိတော့ဘူးလို့ အာရုံပြုရမယ်။ အဲဒါကို ငါးမိနစ် လုပ်ရမယ်။
အားလုံး(၁၅)
မိနစ်ပြီးရင် ဘာမှ ထပ်မလုပ်နဲ့တော့ ။ ကိုယ့်ရဲ့အိပ်ယာပေါ်မှာ အသာလေး
ခန္ဓာကိုတစ်ခုလုံးကို ပျောပျော့်ပြောင်းပြောင်းလေး ထားပြီး အိပ်စက်ရမယ်။
အိပ်တဲ့အခါမှာလဲ အကောင်းဆုံးက ငါတို့ မြန်မာစကား ရှိတယ်။ ပိုးလိုးပက်လက်
ဆိုတာလေ။ တကယ့်ကို သတိလက်လွတ် ပုံစံမျိုးနဲ့ အိပ်စက်ပစ်လိုက်ရမယ်။ အဲဒီလို
တစ်နေ့ကို (၁၅)မိနစ် ပုံမှန်လေး လုပ်ပေးကြည့်လိုက်ပါ။ လေးငါးဆယ်ရက်လောက်
လုပ်ကြည့်လိုက်တာနဲ့ကို သိသာပါတယ်။
ကျွန်ုပ်သည် အထက်ပါအတိုင်း
သက်ထားဝေအား သေသေချာချာ ပြောပြလိုက်၏။ သက်ထားဝေကလည်း ကျေးဇူးတင်ပါတယ်ဆရာ။
ကျွန်မက စိတ်ညစ်တာ ယတြာချေရင် ကောင်းတယ်မှတ်လို့။ အခုတော့ ကိုယ်ကိုတိုင်
လုပ်ကြည့်မှ ကောင်းမယ်ဆိုတာကို သိလိုက်ရပြီဆိုတော့ ကျွန်မ လုပ်ပါ့မယ်။
တစ်နေ့ကို (၁၅)မိနစ် အိပ်ယာဝင် ပုံမှန် လုပ်ကြည့်ပါမယ်။ ဆရာပြောသလို
လုပ်ကြည့်လို့ ထူးခြားလာရင် ဆရာ့ကို ဖုံးဆက်ပြီး ပြန်ပြောပါ့မယ်ဟု
ကျွန်ုပ်အား ပြောဆိုနှုတ်ဆက်၍ ပြန်သွားလေတော့၏။ နောက် တစ်လခန့်အကြာတွင်
သက်ထားဝေသည် ကျွန်ုပ်အား ဖုံးဆက်၍ အောက်ပါအတိုင်း ပြောပြလေ၏။
အမှန်တကယ်တော့
ကိုယ့်ရဲ့ စိတ်ထဲမှာ အလွန်အကျွံ ချစ်တာလည်းမကောင်းဘူး။ အလွန်အကျွံ
မုန်းနေတာလဲ မကောင်းဘူး။ အဲဒီလိုပဲ အလွန်အကျွံ ၀မ်းသာတာ၊ ၀မ်းနည်းတာ၊
စိုးရိမ်တာ ၊ ပူပန်တာစတဲ့ အလွန်အကျွံ စိတ်ခံစားချက်တွေဟာ ဘယ်ဟာမှ
မကောင်းပါဘူး။ ဘယ်အရာကိုမှ သိမ်းပိုက်ထားတာ မကောင်းပါဘူး။ ဒါကြောင့်
သင့်တင့်မျှတတဲ့ စိတ်ခံစားချက်နဲ့ ဘ၀ကို လက်တွေ့ကျကျ ရင်ဆိုင်
ဖြတ်သန်းနိုင်တဲ့ စိတ်ဓာတ်ဟာ တန်ဖိုးရှိပါတယ် ဆရာ။ အခုတော့လည်း ဆ၇ာပြောသလို
တစ်နေ့ကို ၁၅-မိနစ် ၁၅-မိနစ် ပုံမှန်လေ့ကျင်လာ လိုက်တာ ကျွန်မရဲ့
စိတ်ထဲမှာ ရှိနေတဲ့ လေးလံမှု့တွေ ပူပန်မှု့တွေ စိတ်ပင်ပန်းမှု့တွေ တော်တော်လေး
သက်သာ လာတယ်ဆရာ။ အဲဒါကတော့ ကျွန်မရဲ့ လက်တွေ့ပါပဲ။ ဒါကြောင့်အခု ကျွန်မ
ဘုရားရှိခိုးကာနီးတိုင်း အဲဒီလို လုပ်ပြီးမှ ဆက်ပြီး ဘုရားရှိခိုတယ်။
ပုတီးစိပ်တယ်။ နေလို့ ထိုင်လို့ အရမ်းကောင်းတာပဲ ဆရာရယ်ဟု ဖုံးဆက်၍
ပြောသွားလေတော့သတည်း။
သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့
မင်းတစ်ယောက်တည်း
1 week ago
0 comments:
Post a Comment